ကလေး နိုဝင်ဘာ ၂
၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည် သူများ အနေဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ လုံခြုံစိတ်ချစွာမဲပေး နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အသုံးပြုနိုင်ရန် အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများကို မော်တော်ယာဉ်များမှတစ်ဆင့်ပေးပို့ထောက်ပံ့ရာ ယနေ့နံနက်ပိုင်း ၇ နာရီ အချိန်က ကလေးမြို့ရှိ မြို့တော်ခန်းမသို့ရောက်ရှိခဲ့သည်။
အဆိုပါ ကာကွယ်ရေးသုံးပစ္စည်းများတွင် နှာခေါင်းစည်း MASKများ ၊ ppe ဝတ်စုံများအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်း (၁၀)မျိုးပါဝင်ပြီး သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကလေးမြို့မှတစ်ဆင့် တမူးခရိုင်၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးခရိုင်၊ တမူးခရိုင်တို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ကလေးခရိုင်တွင် မဲရုံပေါင်း (၃၉၇ ရုံ) ၊ တမူးခရိုင်တွင် (၇၆)ရုံ၊ မော်လိုက်ခရိုင်တွင် (၁၃၈)ရုံ ထားရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)