ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင် သဘာဝတရားရိပ်သာ ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေး ဆောင်ရွက်

သန်လျင် နိုဝင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ဘုရားကုန်းကျေးရွာအုပ်စုရှိ သဘာဝတရားရိပ်သာတွင် ရောက်ရှိနေကြသော သံဃာတော်၊ သီလရှင်၊ ယောဂီနှင့် သက်ကြီးရွယ်အိုများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းများရှိသည့် အတွက်အချိန်မီ ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့ နံနက်က သန်လျင်သဘာဝတရားရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များသည် ရိပ်သာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ ရောဂါပြန့်ပွားမှုမရှိစေရေး၊ အသွားအလာကန့်သတ် ဆောင်ရွက်ရေး၊ ရိပ်သာအတွင်းရှိနေသူများ အားလုံးကျန်းမာရေး စစ်ဆေးဆောင်ရွက်နေမှု၊ အတည်ပြု ပိုးတွေ့လူနာများအား ကုသရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။

သန်လျင် သဘာဝတရားရိပ်သာကြီးသည် သံဃာတော်၊ သီလရှင်၊ က်ကြီးရွယ်အိုနှင့် ယောဂီများ လေးထောင်ကျော် သီတင်းသုံး နေထိုင်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှု အသင်းအဖွဲ့များက ရိပ်သာတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ထိ သန်လျင် သဘာဝတရားရိပ်သာတွင် ကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာ (၂၆၀)ဦးရှိနေပြီး အသွားအလာ ကန့်သတ် ထိန်းချုပ်၍ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နေ့ညပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)