ရေဦး နို၀င်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ခုတင် ( ၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် Emergency /OPD ; Medical ward ; Child ward တို့တွင်အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းကျော် တန်ဖိုးရှိ Concentrator 15L/min အောက်ဆီဂျင် (ပင်မ)ထုတ်စက် တပ်ဆင်မှု ပြီးစီးခဲ့ပြီဖြစ်ရာ ယနေ့ နံနက် ၉ နာရီက အောက်ဆီဂျင်စက် အလှူရှင်နှင့် အခြားအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေး၀န်ကြီး ဦးသန်းညွန့်၀င်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တက်ရောက်၍ အောက်ဆီဂျင် (ပင်မ) ထုတ်စက်အလှူရှင် ဦးမြဟန်နှင့် ဇနီး ဒေါ်အေးပန် မိသားစုက အဆိုပါ အောက်ဆီဂျင်ပိုက်လိုင်းများနှင့် အခြားတပ်ဆင်ရေး လုပ်ငန်းများအတွက် တာ၀န်ယူခဲ့ကြသည့် စေတနာရှင် အလှူရှင် နှစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးခဲ့ကြသည်။
ယခုတပ်ဆင်ပြီးသည့် အောက်ဆီဂျင်(ပင်မ)ထုတ်စက်အတွက် ဦးမြဟန်နှင့်ဇနီး ဒေါ်အေးပန် မိသားစုက ငွေကျပ်သိန်း ၃၀၀နှင့်အတူ စေတနာရှင်နှစ်ဦးက အလှူငွေကျပ် ၆၇ သိန်းကျော် လှူဒါန်းခဲ့ကြပြီး စုစုပေါင်း ကုန်ကျငွေကျပ် ၃၆၇ သိန်းကျော်ဖြစ်ကြောင်း သိရသည်။
သန်းထိုက် ( ရေဦး )