မိုးညိုမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ကျေးရွာ၌ စက်ရေတွင်း၊ ရေစင်၊ ရေစက် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မိုးညို နိုဝင်ဘာ ၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ရန်ပုံငွေဖြင့် သောက်သုံးရေရှားပါးသည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စပါယ်မျှောင်အုပ်စု၊ စိန်တိုင်ကျေးရွာတွင် တည်ဆောက်ပြီးစီးခဲ့သော စက်ရေတွင်းနှင့် ရေစင်၊ ရေစက် ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ စိန်တိုင်ကျေးရွာသည် နှစ်စဉ်ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်သည့် ကျေးရွာဖြစ်ပြီး သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရသော ကျေးရွာဖြစ်သည်။ ယခုလို သန့်ရှင်းသော သောက်သုံးရေ ရရှိ လာပြီဖြစ်သည့် အတွက် ကျေးရွာရှိ အိမ်ခြေ(၁၀၁)အိမ်မှ လူဦးရေ(၄၀၀)ကျော် သုံးစွဲ နိုင်ပြီဖြစ်ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲရခြင်းအတွက် ကျန်းမာရေးတွင် များစွာ အထောက်အကူ ဖြစ်ကြောင်း ယခုလို ဆောင်ရွက်ပေးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအား ဒေသခံပြည်သူများမှ အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးရွာနေ ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။

စက်ရေတွင်း၊ ရေစင်၊ ရေစက်များ တည်ဆောက်ပြီးစီးမှုအား တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ခွဲမှူး ဦးစန်ရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 ကိုမင်း(မိုးညို)