ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ဖြူး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအား ပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ပျော်ရွှင်ကြရာဝယ်” စာအုပ်အား ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၀င် ဦးလှမြင့်က ပျော်ရွှင်ကြရာဝယ် စာအုပ်မှ “အသိစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်မြင့်က “ခန္ဓာကိုယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးဆောင်းသစ်က “စိတ်ဓါတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖတ်ကြားခဲ့သည့် ခေါင်းစဉ်များမှ အကြောင်းအရာများအား (Book Club) အဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ဖတ်ကြားသူများက ပြန်လည်သုံးသပ် ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းအပြီးတွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)