တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club နှင့် Women Club များဖြင့်စာရေးဆရာ တက္ကသိုလ်စိန်မြင့်ထွန်းရေးသားသည့် “မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာလက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ်သည်တစ်ကမ္ဘာလုံးရှိ လူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေရပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား ဆိုးကျိုးပေးသည့်အရာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ နှင့်မူးယစ်ဆေးဝါးအမျိုးအစားများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များက မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး သုံးစွဲမိသော အကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများကို ဖတ်ကြားပြီး Women Club အဖွဲ့ဝင်များက မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအား ဖတ်ကြား၍အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါ စာဖတ်ဝိုင်းကိုမျိုးဆက်သစ်လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ဆိုးကျိုးများကို သိရှိနားလည်ပြီး ဘဝတစ်လျှောက်လုံး လုံးဝရှောင်ကြဉ်နိုင်ရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)