ဗဟန်း ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာဦးခိုင်ချစ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသန္တာက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍စာရေးဆရာမ မမမီ (ရန်ကုန်တက္ကသိုလ်က မုဒိတာစကားပြောကြားခဲ့ပြီး စာရေးဆရာမ မဏိမဥ္ဇူနှင့် စာရေးဆရာမ နန်းဟင်းပြင်းက ၎င်းတို့ရေးသားဆုရခဲ့ကြသည့် “ပန်းနုစံအိမ် ဆုရဝတ္ထုတိုများ” စာအုပ်ပါ ဆုရဝတ္ထုတိုများအား ဖတ်ကြားဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် စာရေးဆရာ ဆရာမများ စာပေချစ်မြတ်နိုးသူများက ဆုရဝတ္ထုတိုများပါ ဇာတ်ကောင်များ၏ အသုံးအနှုန်း၊ ခံစားအသက်ဝင်မှုများ၊ရေးသားသည့် အကြောင်းအရာ၊ အဖြစ်အပျက်များ၊ လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာပေချစ်မြတ်နိုးသူများနှင့် Book Club စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော်