မင်းဘူးမြို့၊ မြို့မ‌‌ဈေးအတွင်း စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက် ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ မြို့မဈေးအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ မင်းဘူးခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်း၊ မြိုနယ်တာဝန်ခံ ဦးမြင့်ကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ ပူးပေါင်းအဖွဲ့ဝင်များသည် မြို့မဈေးအတွင်း  ကုန်ဆုံဆိုင်များ၊ စတိုးဆိုင် များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား စားသုံးသူရေးရာဥပဒေတွင် ပြဌာန်းထားသော ကုန်ပစ္စည်း(၉)မျိုးတွင် မြန်မာဘာသာဖြင့် ဖော်ပြမှသာ ရောင်းချရန်၊ သက်တမ်းလွန် စားသောက်ကုန်များ၊ မှိုတက်နေသည့် မုန့်များရောင်းချခြင်း မပြုရန်နှင့် နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အသိပညာပေး ကာလအနေဖြင့် တစ်နှစ် သတ်မှတ်ထားပါကြောင်း၊ ၂၀၂၀ ခုနှစ် မတ်လ(၁၅)ရက်နေ့မှ စ၍  လိုက်နာခြင်း မရှိသည့် လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် တာဝန်ခံ ဦးမြင့်ကြည်” ထံမှ သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)