မိုးနဲမြို့နယ်၌ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်သရုပ်ပြသခြင်း ဆောင်ရွက်

မိုးနဲ   နိုဝင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊ နောင်ကျော့ရပ်ကွက်ရှိ အမှတ် အခြေခံ ပညာ အလယ်တန်းကျောင်းခွဲတွင် ထားရှိမည့်မဲရုံ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က  မဲရုံလုပ်ငန်းများနှင့် မဲပေးပုံ အဆင့်ဆင့်သရုပ်ပြသခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်သရုပ်ပြသခြင်းကို နောင်ကျော့ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲရုံမှူး ဦးစဝ်ကျော်ကျော်က ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး မဲစာရင်းစစ်ဆေးသူ ၊မဲလက်မှတ်ထုတ် ပေးသူ၊ မင်တို့သူ ၊မဲရုံလုံခြုံရေး စသည့် လုပ်ငန်းများနှင့် မဲဆန္ဒရှင် လူဦးရေပေါ်မူတည်၍ ပြင်ဆင်ရမည့်ပုံစံများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ဆင်မှုများ စနစ်တကျရှိစေရေး၊ ကျန်းမာရေး နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးနိုင်ရေး ၊မဲပေးသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်  မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင်ကို သရုပ်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူမိုးနဲမြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ မဲရုံများတွင်လည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး မိုးနဲမြို့နယ်အတွင်း (ကျိုင်းတောင်မြို့) အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၈၈၁၇ ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)