ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပင်လောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပင်လောင်း    နိုဝင်ဘာ  ၃

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ပင်လောင်းမြို့နယ်တွင်  ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယာပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများနှင့်အတူ မင်္ဂလာကွက်သစ်ရပ်ကွက်တွင် ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် တာဝန်ခံ) ဦးစိုးရယ်က မင်္ဂလာကွက်သစ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များ စနစ်တကျ ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးစိုးရယ် (ရှမ်းပြည်နယ်တောင်ပိုင်း နှင့်ကယားပြည်နယ် တာဝန်ခံ)၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက  အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုခဲ့ကြကြောင်း၊ ပင်လောင်းမြို့နယ်တွင် မဲဆန္ဒနယ် အမှတ် (၁) (၂)နှစ်ခုရှိဖြင့် မဲရုံ (၁၄၃)ရုံ၊ မဲဆန္ဒရှင် (၁၃၃၃၀၄)ဦးရှိရာ အောက်တိုဘာလ ၂၉ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်ထိ အသက်(၆၀) နှစ်အထက် ကြိုတင်ဆန္ဒမဲပေးပြီးသည့် သက်ကြီးဘိုးဘွား (၅၇၄၆)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)