နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် ပြည်သူများက ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများပေး

နောင်ချို  နိုဝင်ဘာ ၃

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အသက်(၆၀)နှစ်အထက်မဲဆန္ဒရှင် ပြည်သူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင် ပြည်သူများက  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌  အောက်တိုဘာလ(၂၉) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် မဲဆန္ဒနယ် အမှတ်(၁)၌ မဲဆန္ဒရှင် (၅၁၃၁၆) ဦး၊  မဲရုံ (၃၉) ရုံ၊ မဲဆန္ဒနယ် အမှတ်(၂)၌  မဲဆန္ဒရှင် (၅၄၁၁၀)ဦး  စုစုပေါင်း မဲဆန္ဒရှင် (၁၀၅၄၂၆)ဦး  အနက် ကြိုတင်မဲပေးမည့်  အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်(၉၄၁၈)ဦးရှိရာ နိုဝင်ဘာလ(၂)ရက်နေ့ အထိ ကြိုတင်ဆန္ဒမဲ (၇၂၄)ဦးလာရောက် မဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)