ဟိုပန် နိုဝင်ဘာ ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက် နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးမှ ယနေ့ နံနက်(၁၀) နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံပွဲပြု လုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေး မှ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်စွာပြုလုပ်ဖို့အတွက် ပြည်ထောင်စုမြန်မာနိုင် ငံတော် အနေနဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သဖြင့် ရွေးကောက်ပွဲကို အချိန်ကျော်လွန်ခြင်း မရှိပဲ မဖြစ် မနေကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာနဆိုင်ရာတာဝန်နှင့် နိုင်ငံတော်တာဝန်ကို ခွဲခြားသိမြင်ဖို့လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အရှေ့တောင်အာရှရှိ ရွေးကောက်ပွဲကျင်းပပြီးသည့် နိုင်ငံများနှင့်ဆွေးနွေးချက်များအရ ရွေးကောက်ပွဲကျင်းပပြီးသည့် နိုင်ငံများတွင် Covid-19 ရောဂါ ကူးစက်မှု နှုန်းမြင့်မားလာခြင်း မရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ အနေနှင့်လည်း ပြည်သူများ စိတ်ချ လက်ချမဲပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် (SOP) လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် လူပုဂ္ဂိုလ်၊ ပါတီများကို ဘက်လိုက်မှုများ မပြုလုပ်ဘဲ လွတ်လပ်၍ တရားမျှ တစွာဆောင်ရွက်သွား ရန်ပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ခရိုင်/ မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ/ အတွင်းရေးမှူးများမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အခက်အခဲများကိုတင်ပြရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးကဖြေရှင်းဆောင်ရွက်ပေးပြီး လိုအပ်ချက်များအား သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတတ်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို မွန်းတည့်(၁၂)နာရီ အချိန်တွင် ပြီးဆုံးခဲ့သည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း) တာဝန်ခံနှင့်အဖွဲ့သည် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ပြီး ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
စိုင်းနိုင်လင်း(ပြန်/ဆက်)