ရန်ကင်း နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးပြည်သူများအား ကြိုတင်မဲကောက်ယူခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိကြောင်း သိရသည်။
ထိုသို့ကောက်ယူရာတွင် ကိုဗစ်-၁၉ ကာလတွင် မဲရုံသို့ မလာရောက်နိုင်သည့် သက်ကြီးပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် များ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ နိုင်ငံရေးပါတီအသီးသီးမှ အကူကိုယ်စားလှယ်များ မဲရုံလုံခြုံရေး တာဝန်ရှိသူများ လိုက်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင် လျက် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးပြည်သူများအား တစ်အိမ်တက်ဆင်း ကြိုတင်ဆန္ဒမဲ ကောက်ခံပေးခြင်းနှင့် မဲရုံတာဝန်ထမ်းဆောင်ရန် သွားရောက်မည့်သူများကိုလည်း ကြိုတင်ဆန္ဒမဲလက်ခံ ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မဲရုံပေါင်း (၅၃) ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း(၅၄၈၈၅) ဦးရှိရာမှ သက်(၆၀)နှစ်နှင့် အထက် ကြိုတင်မဲပေးခွင့်ရရှိသူပေါင်း (၁၀၀၉၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရ သည်။
ခင်လေး(ပြန်/ဆက်)