ဒဂုံမြောက် နိုဝင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask)မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို မြို့နယ်အတွင်းရှိ (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေးနှင့် ပင်လုံလမ်းတို့တွင် ယနေ့ နံနက် ၈ နာရီက အရှိန် အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်းမရှိသော စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာ များအား ပါးစပ်၊ နှာခေါင်းစည်း(mask)တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ရာ (၆၄)ဦး စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အပြင်ထွက် တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအား လိုက်နာဆောင်ရွက်ရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)