သိန္နီ နို၀င်ဘာ ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ပေါ်ရှိရပ်ကွက် အလိုက် မဲရုံများနှင့် မဲဆန္ဒနယ်မြေ အမှတ်(၂) အတွင်းရှိမဲရုံများအား နိုဝင်ဘာလ (၁)ရက် နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပျို့မောင်နှင့် အဖွဲ့၀င်များ လိုက်ပါ လျက် သက်ဆိုင်ရာမဲရုံအသီးသီးသို့ သွားရောက် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲရုံသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲရုံသို့ လာရောက် ဆန္ဒမဲပေးကြမည့်သူများ လိုက်နာရမည့် အချက်များ၊ လက်ဆေးရမည့်နေရာ သတ်မှတ်ချက်၊ လက်ဆေးရန် HandGel များထားရှိုမှု၊ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ကြရန် စသည့် အချက် အလက်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာ ဇော်မိုးအောင်တို့က သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့၀င်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ သိန္နီမြို့နယ်တွင် မဲရုံပေါင်း(၆၀)ရုံ၊ ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ (၃၈၆၅၀)ဦး ရှိကြောင်း သိန္နီမြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးမှ သိရှိရသည်။
ဖိုးချို (ပြန် -ဆက်)