လိပ်သို ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာ သယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် လွယ်လင့်တကူစာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်သွားရောက်၍ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)