အမ်း ဖေဖော်ဝါရီ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၅)တွင် စာရေးဆရာမောင်မောင်မြင့်သိန်း ရေးသားသည့် “ခန့်မှန်းရခက်သောအနာဂတ်ကို နိုင်နင်းအောင်ဆောင်ရွက်နေသော လူငယ်များ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ဆွေးနွေးရာတွင် အနာဂတ်တွင် နိုင်ငံများ၊ ကုမ္ပဏီများ၏အောင်မြင်မှုမှာ လူငယ်လုပ်သားများအပေါ်တွင် မူတည်လျက်ရှိကြောင်း၊ လူငယ်တွေ ယနေ့အချိန်အထိ အသုံးပြုလျက်ရှိတဲ့ သမားရိုးကျခွဲခြမ်းစိတ်ဖြာပြီး တွေးခေါ်ခြင်းအပေါ်မှာ မှီခိုမနေတော့ဘဲ ဆန်းသစ်ဖန်တီးမှုနဲ့လိုက်လျောညီထွေ တွေးခေါ်ခြင်းအပေါ်မှာ မှီခိုနေကြမည်ဖြစ်ကြောင်း၊ ပြောင်းလဲလိုက်ခြင်းသည် ကုမ္ပဏီများနှင့်လူများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ်တွင် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးပြုလုပ်ကြကြောင်း၊ အသိပညာတွေဖလှယ်လာကြကြောင်း၊ အဲဒါကြောင့် ဘွဲ့ရလူငယ်များသည် တစ်ခြားသောနိုင်ငံများတွင် အံဝင်ခွင်ကျအလုပ်လုပ်နိုင်ဖို့ အသိပညာများ ဆည်းပူးပြီး ၎င်းတို့၏ အနာဂတ်အတွက် ပြင်ဆင်လာကြကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းက စာပေဆိုင်ရာ ဘာသာရပ်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင် မောင်မြင့်စိုး၊ မောင်ကျော်ဆန်း၊ မမိုးမိုးဝင်း၊ မချယ်ရီဝင်း၊ မခင်သီတာဝင်းနှင့် တက်ရောက်လာသူများက ဆန်းသစ်ဖန်တီးမှုနဲ့ အသိပညာအခြေ ပြုလုပ်ငန်း၊ အင်တာနက်ရဲ့ အကျိုးကျေးဇူး၊ အသိပညာကိုအခြေခံတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ အနာဂတ်မှာကြုံတွေ့လာရမယ့် အခက်အခဲတွေကို အကောင်းဆုံးလုပ်ကြဖို့ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြသည်။
စာဖတ်ဝိုင်းအပြီးတွင် စာပေချစ်မြတ်နိုးသူ (Book Club) အသင်းဝင်လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပါ အသိပညာပေး အကြောင်းအရာများကို ဖတ်ရှုလေ့လာကြရာ မြို့နယ်ဦးစီးမှူးက အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်