သုံးခွ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်/ကျေး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ် စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က စာအုပ်များ မပျောက်မပျက်အောင်ထိန်းသိမ်းထားရှိရန်နှင့် စာပေဖတ်ရှုခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကိုပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ရပ်ကွက်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများ အနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာ သုတရသစာအုပ်များ မှတ်ပုံတင်ရေးသွင်းခြင်း၊ စာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်အစီအစဥ်များနှင့် တိုင်းဒေသကြီးအစိုးရကဖွင့်လှစ်မည့် စာကြည့်တိုက်ပညာသင်တန်း တက်ရောက်ရမည့်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်များအား သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက် (၃) တိုက်သို့ ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာစာကြည့်တိုက်ကော်မတီဝင်များက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ၊ စာအုပ်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များအား တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)