ရှမ်းရွာသစ် မတ် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုအေးက ယခုဆွေးနွေးသည့်စာအုပ်တွင် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ်လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေကျန်းမာရေး ပြည့်စုံဖို့မှသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင် နေတိုင်ဆက်ဆံတတ်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော ရာဂဏန်း အထိရှိသည့် ဆရာ၊ ဆရာမအပေါင်း၏ ကျေးဇူးတရားကြီးမားလှပုံကို လူငယ်နှင့်ပညာဆိုင်ရာစာစုများဖြင့် စာရေးသူကိုယ်တွေ့ ခံစားတင်ပြရေးသားထားသည့် စာအုပ်ဖြစ်သဖြင့် ကျောင်းသားလူငယ်လေးများ အလွန် ဖတ်ရှုသင့်သည့် စာအုပ်လေးဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အဖွဲ့ဝင်များက ဆရာနှင့်ပတ်သက်သည့် အတွေးများ၊ အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ၊ လူငယ်တို့အတွက် လူကြီးတွေပြင်ဆင်သင့်သည့်အရာများခေါင်းစဉ်များဖြင့် အကျဉ်းချုပ်အပြန် အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇင်လေး(ပြန်/ဆက်)