ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကျိန္တလီ   မတ်      ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ ရည်ရွယ်ချက်၊ စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်ပညာအကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးထက်မြက်သူက စာကြည့်တိုက်အမျိုးအစား၊ထူးခြားသည့်ဝိသေသများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် နိုင်ငံဝန်ထမ်းများသိရှိ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ပြဌာန်းထားသည့်စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ်တစ်လလျှင်(၂)ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

ကျိန္တလီ(ပြန်/ဆက်)