မကွေး မတ် ၁၁
မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထနှောင်းရင်ခွင်စာပေဝိုင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံသဘောတရား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ဦးက မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် သင်တန်းများ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်တွင်လည်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အလေးထားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာ Primary Grammar နှင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုရေးနည်း အခြေခံသဘောတရားသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးအား သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မတ်လ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)