သဘာဝမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍   တစ်ပိုင်တစ်နိုင်   စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် “မမွန်မ” ဘောက်အုတ်လုပ်ငန်း

မြဝတီ မတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်”ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း  (MSME) များကို အားပေးကူညီပြီး အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။ ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီလမ်းတွင်တည်ရှိသည့်  “မမွန်မ” ဘောက်အုတ်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေကို ပြည်သူများသိရှိစေရန် ဘောက်အုတ်လုပ်ငန်းပိုင်ရှင် မသင်းသင်းအိနှင့် တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက်ပါသည်။

မေး။   “မမွန်မ” ဘောက်အုတ်လုပ်ငန်း စတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။

ဖြေ။   “မမွန်မ” ဘောက်အုတ် လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

မေး။   ဘောက်အုတ်လုပ်ငန်းကို မိဘလက်ထပ်ကစတင်ပြီး လက်ဆင့်ကမ်း တည်ထောင်ခဲ့တာလား။ သိပါရစေ။

ဖြေ။   ဘောက်အုတ်လုပ်ငန်းကို ကိုယ်တိုင်တည်ထောင်ခဲ့ပါတယ်။ မိသားစုစီးပွားရေးလုပ်ငန်းပါ။

မေး။   ဘောက်အုတ် ထုတ်လုပ်ထားတဲ့ အမျိုးအစား၊ အရေအတွက် သိပါရစေ။

ဖြေ။  ဘောက်အုတ်ထုတ်လုပ်မှုအနေနဲ့ အမျိုးအစား သုံးမျိုးထုတ်လုပ်ပါတယ်။ ဘောက်အုတ်ငယ်ကတော့ အလျား ၉ လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၂ လက်မခွဲ၊ ဘောက်အုတ်လတ် အလျား ၁၇ လက်မ၊ အနံ ၈ လက်မ၊ အမြင့်၂ လက်မခွဲနှင့် ဘောက်အုတ်ကြီး အလျား၁၇လက်မ၊ အနံ ၈လက်မ၊ အမြင့်၃လက်မခွဲရှိပါတယ်။

မေး။   “မမွန်မ” ဘောက်အုတ်လုပ်ငန်းမှ တစ်နေ့ထုတ်လုပ်ထွက်ရှိမှုပမာဏအခြေအနေ သိပါရစေ။

ဖြေ။  ဘောက်အုတ်လုပ်ငန်း တစ်နေ့ထုတ်လုပ်မှုပမာဏအနေနဲ့ကတော့ ဘောက်အုတ်ငယ်ကို အုတ်ချပ်ရေ ၁၀၀၀၀၊ ဘောက်အုတ်လတ် ၁၅၀၀နှင့်   ဘောက်အုတ်ကြီး ၁၅၀၀ ထုတ်လုပ်ပါတယ်။

မေး။   ဘောက်အုတ်လုပ်ငန်းလည်ပတ်မှုအတွက် ဝန်ထမ်းဦးရေ ဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု၊ ကျန်းမာရေး ဘယ်လိုစီစဉ်ဆောင်ရွက်ပေးပါသလဲ သိပါရစေ။

ဖြေ။   ဝန်ထမ်းဦးရေ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဦးရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် တန်းလျား ခြောက်ခန်းတွဲတစ်လုံးနှင့် လုံးချင်းအိမ်သုံးလုံး ရေ၊ မီးအစုံ စီစဉ်ပေးထားပါတယ်။ ကျန်းမာရေး အစစအရာရာ စီစဉ်ဆောင်ရွက်ပေးပါတယ်။  နယ်ဝေးမှ လာရောက်လုပ်ကိုင်တဲ့သူတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။  

မေး။   အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ၊ အုတ်လုပ်ငန်း နေ့စဉ်ဆောင်ရွက်မှုရှိပါသလား သိပါရစေ။

ဖြေ။    အလုပ်သမားတစ်ဦးရဲ့လုပ်အား တစ်နေ့အုတ် ၂၀၀၀ ရိုက်နိုင်လျှင် အုတ် ၁၀၀၀ ကို ငွေကျပ် ၁၄၀၀၀ ပေးပါတယ်၊ အုတ်ချပ်ရေ ၂၀၀၀ တွက် ငွေကျပ် ၂၈၀၀၀ ပေးရပါတယ်။ အခြေခံလစာကို ပုတ်ပြတ်အနေနဲ့ တစ်လ ရှစ်သိန်းခွဲ ပေးပါတယ်။ အုတ်ရိုက်လုပ်ငန်း နေ့စဉ်ဆောင်ရွက်ရပါတယ်၊ မိုးတွင်းကာလမှာတော့ သီဥတုအခြေအနေအပေါ် မူတည်ပြီး  ဆောင်ရွက်ပါတယ်။

မေး။   ဘောက်အုတ်လုပ်ငန်းလုပ်ကိုင်ဖြန့်ဖြူးပေးမှုအခြေအနေနှင့် ရောင်းချပေးမှုဈေးနှုန်း အမျိုးအစား သိပါရစေ။

ဖြေ။    ဖြန့်ဖြုးပေးမှုအနေနဲ့ကတော့ ကရင်ပြည်နယ်နှင့် မြဝတီမြို့နယ်တွင်း/ပြင် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးပါတယ်။ ဘောက်အုတ်ငယ်တစ်ချပ်ကို ငွေကျပ် ၁၄ဝ၊ ၁၅၀ဖြင့် ပို့ဆောင်မှု အနီး၊ အဝေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါတယ်။ ဘောက်အုတ်ကြီးတစ်ချပ်လျှင် ငွေကျပ် ၆၅၀ တန်ဖိုး ရှိပါတယ်၊ မြိုပြင်ပို့ဆောင်မှုဈေးနှုန်း ၆၈၀ ကျပ် ယူပါတယ်၊ ဘောက်အုတ်လတ်ကတော့ မြို့တွင်းရောင်းဈေး ၅၅၀ ကျပ်ဖြစ်ပြီး မြို့ပြင်ပို့ဆောင်မှု ၅၈၀ ကျပ်နဲ့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးပါတယ်။

မေး။   ဘောက်အုတ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ပစ္စည်းအမျိုးအစား၊ မှာယူရရှိမှု အခြေအနေသိပါရစေ။

ဖြေ။   ဘောက်အုတ်ထုတ်လုပ်ရာမှာ ဘိလပ်မြေတစ်အိတ်ကို သဲ ၂၄ ပုံး၊ ကျောက်မှုန့် ၆ ပုံးနှင့် ရေတို့ကို သင့်လျော်သော အချိုးအစားအတိုင်းဖျော်စပ်ပြီး အသုံးပြုရပါတယ်။ ဝယ်ယူမှုအခြေအနေ သောင်းရင်းမြစ်မှထွက်ရှိတဲ့ သဲကို သဲစက်ကမှာယူပါတယ်။ ဘိလပ်မြေကိုတော့ အောင်မင်းသန်း (ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်း) ဆိုင်က ဝယ်ယူပါတယ်၊ ကျောက်မှုန့်ကို (၂၇၅) ကျောက်စက်မှ ဝယ်ယူအသုံးပြုပါတယ်။ 

မေး။   ဘောက်အုတ်မှာယူအသုံးပြုမှုအခြေအနေ သိပါရစေ။ နောက်ထပ်ဘောက်အုတ်လုပ်ငန်း  တိုးချဲ့ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလား သိပါရစေ။

ဖြေ။  လုပ်ငန်းရှင်အနေနဲ့ ဂိုထောင်တည်ဆောက်အသုံးပြုဖို့အတွက် ဘောက်အုတ်သေး၊ ဘောက်အုတ်လတ် မှာယူတာများပါတယ်၊ အိမ်ဆောက်အသုံးပြသူတွေကတော့  ဘောက်အုတ်ငယ်၊ ဘောက်အုတ်ကြီး မှာယူပါတယ်။ လုပ်ငန်းတိုးချဲ့မှုဆိုင်ခွဲဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်။ ဝန်ထမ်းဦးရေထပ်တိုးဖို့ အစီအစဉ်ရှိပါတယ်။

မေး။  နိုင်ငံတော်က အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) တစ်ပိုင်တစ်နိုင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးလျက်ရှိသလို မိမိဒေသခံပြည်သူတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ဆောင်ရွက်ပေးဖို့အစီအစဉ်နှင့် ယနေ့ခေတ်လူငယ်လေးတွေ အားကျအတူယူဖွယ် မိမိကိုယ်တိုင်စီးပွားရေး ဖန်တီးဖော်ဆောင်နိုင်မည့် ခွန်အားပေးစကား သိပါရစေ။

ဖြေ။  ကျွန်မကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်ပေါ်မှာ စေတနာထား လုပ်ကိုင်ဆောင်ရွက်လျှင် စေတနာအကျိုး ပြန်လည်ခံစားရမှာဖြစ်ပါတယ်။ ခွန်အားဖြစ်စေမယ့် အားပေးစကားအနေနဲ့ကတော့ မည့်သည့်လုပ်ငန်းမှာမဆိုလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအားလုံး ကြိုးစားအားထုတ်လုပ်ကိုင်လျှင် အလုပ်လက်မဲ့သူ မရှိနိုင်ပါဘူး၊ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းမှ ကူညီနိုင်မှာ ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေလာလျှင် လူမှုစီးပွားဘဝ လှပသာယာလာမှာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတော်မှ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဖန်တီးဖော်ဆောင်ပေးခြင်းသည် တစ်ဦးချင်းဝင်ငွေ မြင့်မားတိုးတက်အောင် အဘက်ဘက်မှဆောင်ရွက်ပေးသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအထိ (MSME) အသင်းဝင်ကတ်ထုတ်ပေးပြီး အသေးစားစီးပွားရေးလုပ်ငန်း ၁၂၄ ခုနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၁၅ ခု စုစုပေါင်း ၁၃၉ ခု ရှိကြောင်း ခရိုင်စက်မှုကြီးကြပ်ရေးဦှးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်အေးအေးမာထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)