လိပ်သို မတ် ၁၂
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ အေးဖြူ ရေးသားသော “ ဖတ်မိသမျှတွေ မျှဝေပေးဖို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှော ဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင် ဗဟုသုတ တိုးပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ အေးဖြူ ရေးသားသော “ ဖတ်မိသမျှတွေ မျှဝေပေးဖို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ခင်မြတ်မွန်က “ ရာသီဥတုပြောင်းလဲမှုနှင့် သဘာ၀ဘေးအန္တရာယ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ဇူလိုင်ဝင်းက “ လူကုန်ကူးမှုနှင့် အမျိုးသမီးငယ်တို့ဘ၀ ” ခေါင်းစဉ်အောက်မှ “ လူတွေ မှာဖြစ်ပေါ်တတ်တဲ့ ရောဂါတွေလိုပဲ၊ မဖြစ်ခင်က တားဆီးကာကွယ်လို့ရတဲ့ အနေအထားမှာ လူတိုင်းအသိရှိစွာနဲ့ လက်တွဲဝိုင်းဝန်း ဆောင်ရွက်ကြတာက အကောင်းဆုံးနည်းလမ်းပဲဖြစ်ကြောင်း၊ မိမိတို့ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲက မိန်းကလေးငယ်လေးတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်ဆိုးတွေကို မျက်စိရှင်ရှင်နဲ့ လေ့လာစောင့်ကြည့်သင့်ပါကြောင်း၊ အန္တရာယ်မုဆိုးတွေရဲ့ သားကောင်အဖြစ် မရောက်ရလေအောင်လည်း အသိပညာပေး အစီအစဉ်များ၊ သင်တန်းများပေးခြင်းဖြင့် လိမ်ညာဆွဲဆောင်မှု ကျော့ကွင်းတွေမှာ မမိ သွားစေဖို့ အားလုံးမှာ တာဝန်ရှိပါကြောင်း ” စသည့် အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်း တက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်း အပြန်အလှန် မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)