နတ်မောက် မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင် စာအုပ်ထဲမှ “လူငယ်နှင့်စာပေ”ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများက အတွေးအမြင်အသိများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ် လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မူမူစန်း