ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကျိန္တလီ    မတ်    ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာလုပ်ငန်းများကို ဝန်ထမ်းများသိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ  စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဘဏ္ဍာရေးစည်းမျဉ်းအဓိပ္ပာယ်၊ ရငွေများကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးသွင်းခြင်း၊ ထိန်းသိမ်းခြင်း နှင့် စာရင်းရေးသွင်းခြင်းဆိုင်ရာစည်းကမ်းများအား ဆွေးနွေးခဲ့သည်။

ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးထက်မြက်သူက ငွေတောင်းခံလွှာ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် ယေဘုယျစည်းကမ်းချက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက လစာငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက နောက်ဆုံးထုတ်လစာလက်မှတ်(Last Pay Certificate)ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် နိုင်ငံဝန်ထမ်းများသိရှိ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ပြဋ္ဌာန်းထားသည့်စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို လစဉ် တစ်လလျှင်(၂)ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)