မြိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မည်

မြိုင် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်သော နွေရာသီအားကစားသင်တန်းများကို မြိုင်မြို့ မြို့နယ်အားကစားကွင်းတွင် သင်ကြားသွားမည် ဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နှင့် မျိုးဆက်သစ်အားကစား လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သော သင်တန်းဖြစ်ပြီး သင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ကြက်တောင် နှင့် စားပွဲတင် တင်းနစ် အားကစားနည်းများကို စနစ်တကျ သင်ကြားသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို မတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် စာရင်းများ လာရောက်ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)