မြို့သစ်မြို့နယ်တွင် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မြို့သစ် မတ် ၂၀

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးသည်။

အဆိုပါ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်နွယ်နွယ်အေးက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သည့်ပစ္စည်းများ၊ ဆပ်ပြာဆီပြုလုပ်နည်း အဆင့်ဆင့်နှင့် အသုံးပြုပုံများကို သင်တန်းသားများ နားလည်သိရှိစေရန် အသေးစိတ်ရှင်းလင်းကာ သင်ကြားပြသပေးခဲ့သည်။

မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည့် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)