ရှမ်းရွာသစ်မြို့တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "ခေါင်းဆောင်မှုနှင့်စီမံခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ်    မတ်    ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "ခေါင်းဆောင်မှုနှင့်စီမံခြင်း" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်ဦးမြင့်မောင်က "လူဆိုသည်မှာ" ခေါင်း စဉ်တွင် လူဆိုသည်မှာ ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ကြသည့် လူချည်းမို့ လူချင်းအတူတူပင်ဖြစ်သော်လည်း အယူအဆမတူ၊ ရည်မှန်းချက်ရှိချင်းလည်းမတူ၊ အရည်အသွေးရှိတာလည်းမတူ၊ စိတ်ကောင်းနှလုံး ကောင်းရှိခြင်းလည်းမတူညီဘဲ ကွဲပြားခြားနားကြောင်း၊ လူဆိုသည်မှာ ကိုယ့်ကြမ္မာကို မိမိကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ဖန်တီးနိုင်မည်ဖြစ်သောကြောင့် ကောင်းအောင်၊ ဆိုးအောင် မိမိဘဝကို စီမံသူကား ကာယကံ ရှင်မိမိကိုယ်တိုင်သာဖြစ်ကြောင်း၊ အဖွဲ့ဝင်ဒေါ်နော်ဝင်းစိန်က "ခေါင်းဆောင်မှုနှင့်စီမံခြင်း" ခေါင်းစဉ်ပါလူတွေဟာ သူတို့ကိုယ်သူတို့ထင်တာတွေ ဖြစ်လာတတ်ကြောင်း၊ ကိုယ်မရိုးသားတာနဲ့ သူများကို မရိုးသားသူ လို့မှတ်ယူလို့မရကြောင်း၊ ကိုယ်လည်းရိုးသားပါ၊ သူများကိုလည်း ရိုးသားဖြောင့်မတ်သူအဖြစ် တန်ဖိုးထား ဆက်ဆံပါ၊ ကံ၊ ဉာဏ်၊ ဝိရိယစေတနာနဲ့ ရိုးသားမှုဆိုတာက ခေါင်းဆောင်အကြီးအကဲနေရာရောက်ရှိမည့်  လူတွေအတွက် မရှိမဖြစ် အခြေခံအချက်များဖြစ်ကြောင်း စသည်ဖြင့် အကျဉ်းချုပ်ဆွေနွေးခဲ့သည်။

ထို့နောက်အဖွဲ့ဝင်များက အထက်ပါဆွေးနွေးခဲ့သည့် ခေါင်းစဉ်တွင်ပါရှိသည့် မိမိတို့သိရှိလိုသည်များ ကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)