သံတောင်ကြီး မတ်လ ၁၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ Book Club နှင့် Youth Club အဖွဲ့ဝင်များသည် မြို့နယ်ရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာဖေမြင့်၏ “ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်မူးမူက စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့်သူများထက် ဘာထွေထူးကဲနေသလဲ၊ အတွင်းမှ ဦးဆောင်ခြင်း၊ အလိုအလျောက် ထိုးဖောက်သိမြင်တတ်သောသူ၊ ဖြေရှင်းရန်နည်းလမ်းရှာဖွေခြင်း၊ ဆုံးဖြတ်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင် ဦးကျော်ဇင်လတ်က ခေါင်းဆောင်တို့နေထိုင်ပုံ၊ ထိတွေ့မှုရှိခြင်း၊ လူရွေးချယ်ခြင်း၊ လုပ်ပိုင်ခွင့်အပ်နှင်းခြင်း၊ အနာဂတ်ကမ္ဘာ၌ ဦးဆောင်ခြင်း စသည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် Book Club နှင့် Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်းသိရသည်။
အဆိုပါ စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေးစာအုပ်ကို ဖတ်ရှုခြင်းဖြင့်အနာဂတ်တွင် ခေါင်းဆောင်လိုမျိုးပြုမှုနေထိုင်တတ်စေရန် အခက်အခဲများကို ဦးနှောက်ဖြင့်စဉ်းစားဖြေရှင်းတတ်လာစေရန် စသည့်အကျိုးကျေးဇူးများကိုရရှိစေကြောင်း သိရသည်။
နော်နော်မူ