ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) လူထုအခြေပြုဗဟိုဌာန၌ ပန်းချီနှင့် ပုံတူပန်းချီပြိုင်ပွဲများ ကျင်းပ

ရန်ကုန် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ  အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ ပန်းချီနှင့် ပုံတူပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများအား အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများရရှိစေရန်အတွက် ပြိုင်ပွဲများနှင့်သင်တန်းများ  ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)