ပွင့်ဖြူ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်တွင် ပါဝင်သော သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းကာ မိမိတို့ဖတ်ရှုမှတ်သားထားသည့် စာပေအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် အသိပညာဗဟုသုတတိုးပွားစေမည့် သုတ/ရသ စာအုပ်ကောင်းများကိုရွေးချယ်၍ လစဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)