မင်းဘူးမြို့၌ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ တည်ဆောက်လျက်ရှိ

မင်းဘူး ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်း၍ မင်းဘူး (စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု အောက်ကျောင်း ဘုရားဝန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုလှုံနိုင်ရန် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အဦကို မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတ ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် ဖူးဆစ်ဆန်း ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်သည်။

“ဒီအဆောက်အဦကို ကျွန်တော်တို့ ကုမ္ပဏီက တာဝန်ယူဆောက်လုပ်တာ ဖြစ်ပါတယ်။ အလျား ၇၀ပေ အနံ ၆၀ ပေ RCC နှစ်ထပ်ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦဖြစ်ပါတယ်။ ကျွန်တော်တို့ တည်ဆောက် ရခြင်း ရည်ရွယ်ချက်ကတော့ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာလူထုများ မီးဘေး၊ ရေဘေး၊ လေဘေးသဘာဝဘေး အန္တရာယ်များ၊ ဘေးကင်းလုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျှော့ပါး သက်သာစေရေးများအတွက် ရည်ရွယ်၍ ဘက်စုံသုံး သဘာဝဘေးအန္တရာယ် ခိုလှုံနိုင်ရန် အဆောက်အဦကို တည်ဆောက်ခြင်း ဖြစ်ပါတယ်” ဟု ဖူးသစ်ဆန်း ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းဦးမှ ပြောပြသည်။

ဝင်းနိုင် (မင်းဘူးခရိုင်-ပြန်/ဆက်)