ခရမ်းမြို့နယ်တွင် စာပေဝါသနာရှင်များနှင့် Club အဖွဲ့ဝင်များစာဖတ်ဝိုင်းပြုလုပ်

ခရမ်း မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေဝါသနာရှင်များ၊ Club အဖွဲ့ဝင်များနှင့် စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးမင်းဦးက စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်မှ ရှေးမြန်မာတို့၏ ယောကျာ်းပီသမှု၊ မွန်မြတ်‌သောစိတ်ထား၊ ကြည်နူးဖွယ်ရာ မြန်မာ့ရိုးရာ ဓလေ့များ၊ ထိုးကွင်းမှင်ကြောင်များအကြောင်း၊ ရန်သူ့ရန်စွယ်ကျူးကျော်လာမှုကို ရဲဝံ့စွာတွန်းလှန်တိုက်ပွဲဝင်ခဲ့ကြပုံ၊ ဆင်ဖြူရှင်မင်း၏ စစ်ရေးဗျူဟာကောင်းမွန်ပုံတို့ကို ထင်ရှားပေါ်လွင်အောင် ရေးဖွဲ့နိုင်မှုတို့ကိုလည်းကောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး Women Club အဖွဲ့ဝင်ဒေါ်ဌေးဌေးဝင်းက ဆင်ဖြူရှင်မင်း(မြေဒူးမင်း) လက်ထက်တွင် တရုတ်တို့၏ ကျူးကျော်လာမှုကို ရဲဝံ့စွာတွန်းလှန်ခဲ့သော ရဲရဲတောက်မြန်မာများ အကြောင်းကို နောက်ခံပြုရေးဖွဲ့ထားသည့် စာအုပ်ဖြစ်ပါကြောင်း၊ ရှေးမြန်မာတို့၏ နေထိုင်စားသောက်ကြပုံ၊ ဆက်ဆံပေါင်းသင်းကြပုံနှင့် စိတ်နေစိတ်ထား၊ စရိုက်စသည်တို့ကို သိမြင်စေရန်အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင် Online Talk Show များ၊ အသိပညာပေး လုပ်ငန်းများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ခရမ်း)