မြောက်ဥက္ကလာပမြို့နယ်တွင် မှိုအဆိပ်ပါသောစားသုံးဆီများ၊ ငရုတ်သီးမှုန့်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

မြောက်ဥက္ကလာပ  ဖေဖော်ဝါရီ ၂၅

မြောက်ဥက္ကလာပမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီဝင်များက ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ စျေးများနှင့် စတိုးဆိုင်များတွင် Aflatoxin မှိုအဆိပ် ပါသော စားသုံးဆီများနှင့် ငရုတ်သီးမှုန့် များရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။

အဆိုပါ ကော်မတီဝင်များတွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ ဥမ္မာစိန် ဦးဆောင်သောအဖွဲ့များ၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများက ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin ပါရှိသည့် ပစ္စည်းများရောင်းချမှု မရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး  ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Aflatoxin မှိုအမျိုးအစားကို ငရုတ်သီး၊ မြေပဲ၊ ဆန် စပါး၊ ပြောင်းဖူး၊ သစ်ကြားစေ့၊ ပဲအမျိုးမျိုး၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ၄င်းတို့မှထုတ်လုပ်သော စားသောက်ကုန် များတွင် လည်း ပါဝင်နိုင်ကြောင်းသိရပြီး စားသုံးမိပါက ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဆုတ် ပတ်လည်တွင် အရည်စုခြင်း၊ ဦးနှောက်တွင် အရည်အိတ်တည်ခြင်း၊ အသည်း၊ နှလုံးနှင့် ကျောက်ကပ်ရောဂါများ  ဖြစ်ပွားနိုင်ခြင်းနှင့် အသက်သေဆုံးသည်အထိ ပြင်းထန်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)