လူထုအခြေပြုဗဟိုဌာနကော့မှူး၌ “ခယောင်းလမ်းမှပန်းလွင်ပြင်ဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး မတ် ၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးအတွက် စာဖတ်ဝိုင်းများအား အစဉ်အမြဲဆောင်ရွက်ပေးနေကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ‌မအိမွန်‌ကျော် စာရေးဆရာ မြင့်ကျော်(သိကြားတန်း)ရေးသားသည့် “ခယောင်းလမ်း မှသည်ပန်း လွင်ပြင်ဆီသို့”စာအုပ်ထဲမှ “ပထမဦးဆုံးကွဲတဲ့အရှက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကြူကြူသင်းက “ဘဝကပေးတဲ့အဆင့် သတ်မှတ်ချက်များ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်သီဟက “ပန်းလွင်ပြင်နှင့်တန်ဖိုး” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် Book Club အဖွဲ့ဝင် မောင်ကျော်သီဟက ဦးဆောင်ဆွေးနွေးရာ ကိုယ်ရဲ့ကူညီပေးမှု နားလည်ပေးမှုနဲ့ ပေးဆပ်မှုတွေအတွက် ပြန်လည်ရယူလိုမှု မျှော်လင့်ချက်မျိုး မမွေးမြူမိဖို့အထူးအရေးကြီးပါကြောင်း၊ ကိုယ်ရဲ့လိုချင်တပ်မက်မှုနဲ့ အခွင့်အရေးဖန်တီးမှုတွေဟာ ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်ကျင့်တရားကို အရောင်စွန်းညစ်ထေးစေမှာဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းမှာ မတူညီတဲ့အတွေးအခေါ်တွေ ကွဲပြားတဲ့ခံစားချက်တွေ၊ အမျိုးမျိုးသောဘဝပုံစံတွေရှိနေတာကို နားလည်လက်ခံနိုင်ရမှာဖြစ်ပါကြောင်း၊ အများက ထောက်ပြပြုပြင်မှအမှန်ကိုသိပြီး လမ်းကြောင်းမှန်ပေါ်ကို လျှောက်လှမ်းနိုင်တာမျိုးရှိသလို ကိုယ့်အသိကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်ဆင်ခြင်တုံတရားကိုအခြေပြုလို့ ဘဝလမ်းကြောင်း ဖြောင့်တန်းအောင် ဆောင်ရွက်နိုင်တာလည်းရှိပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်သူရ (ပြန်/‌ဆက်)