မြို့သစ်မြို့နယ်ရှိ ရေလှောင်တမံများမှ ယခုနှစ် နွေစပါးလျာထားဧက ၃၉၇၅ကျော် စိုက်ပျိုးရေများ ပေးဝေလျက်ရှိ

မြို့သစ်  ဖေဖော်ဝါရီ  ၂၅

ပြီးခဲ့သည့်နှစ် မိုးရာသီကာလက မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် အတွင်းရှိ စွန်ရေလှောင်တမံ၊ ဆဒ္ဒန်ရေလှောင်တမံ၊ ပုလင်းရေလှောင် တမံ၊ ဘုတ်ချောင်း ရေလှောင်တမံနှင့် နတ်မောက်မြို့ရှိ နတ်မောက်ရေလှောင်တမံတို့တွင် ရေဝင်ရောက်မှု နည်းပါးခဲ့သော်လည်း မြို့သစ်မြို့နယ် အတွင်းမှ နွေစပါး လျာထား ဧက ၃၉၇၅ ကျော်သို့ စိုက်ပျိုးရေများ ပေးဝေနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နွေစပါးစိုက်ပျိုးရေ ဖြန့်ဝေပေးရန် နတ်မောက်တမံမှ ၂၇၂၅ ဧက၊ စွန်ရေလှောင်တမံမှ ဧက ၆၀၀ နှင့် ဆဒ္ဒန်တမံမှ ဧက ၆၅၀၊ စုစုပေါင်း ၃၉၇၅ ဧက လျာထားပြီး ဇန်နဝါရီလ ၁၅ ရက်မှ စတင်၍ ဆည်ရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် တောင်သူများအနေဖြင့် ဆည်ရေကို အလေအလွင့် နည်းပါးအောင် ရယူသုံးစွဲကြရန်နှင့် မြောင်းရင်း မြောင်းဖျား ရေသောက်တောင်သူအချင်းချင်း မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ခွဲခြားသတ်မှတ်ထားသည့်  ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် မှာကြားထားပြီး စိုက်ပျိုးရေ  အခက်အခဲရှိပါက  ဌာနမှ  ဝန်ထမ်းများအား နေ့ညမရွေး ဆက်သွယ်နိုင်ရန် ဝန်ထမ်းများ၏ အမည်နှင့် ဖုန်းနံပါတ်များကိုလည်း တောင်သူများထံသို့ ဖြန့်ဝေပေးထားကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် မိုးရာသီက မိုးနှောင်းကာလ မိုးနည်းခဲ့၍ မြို့သစ်မြို့နယ်မှ တမံများအတွင်း ရေဝင်ရောက်မှုနည်းခဲ့ သော်လည်း သက်ဆိုင်ရာ  ရေယူအဖွဲ့အစည်းများ၊ တောင်သူများနှင့်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့မှုကြောင့် မြို့သစ်မြို့နယ်ရှိ ဆည်ရေသောက်စနစ် အားလုံးတွင် လျာထားခဲ့သည့် မိုးစပါး ၃၀၅၁၂ ဧကကိုလည်း ပြည့်ဝအောင်မြင်စွာ စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။    

ဇော်ဇော်(မြို့သစ်)