ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် စာစီစာကုံးရေးသားနည်း နွေရာသီသင်တန်း အခမဲ့ဖွင့်လှစ်

ဒဂုံတောင် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အားလပ်ချိန်များကို အကျိုးရှိစွာ အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့လာနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပညာရှင်များနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖြင့် ပြည့်စုံစေရေး စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဒေါ်ကြည်ကြည်ဝင်းဇော် စာရေးဆရာမ ဒဂုံကြည်ဇော်က စာစီစာကုံးရေးသားနည်း သင်တန်းကို နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ မတ်လ ၂၆ ရက် မှ ၃၀ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက် သင်ကြားကြောင်း သိရသည်။

သန်းသန်းအေး