တိုက်ကြီး နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ကုန်ဆိုင်တန်းများ ရောင်းချနေမှုအခြေအနေအား ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်း နှင့် အဖွဲ့က ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ဆိုင်တန်း များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချနိုင်ရေး၊ ဝယ်ယူသူများ သန့်ရှင်းလတ်ဆတ်သော အသားငါးများ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် အသားငါးများ ရောင်းချလျက် ရှိသည့် ဆိုင်တန်းများအား အဆင့်မြှင့်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ သည်။
အဆိုပါ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ပါးစပ်/နှာခေါင်းစည်း(Mask)များ ၊ လက်အိတ်များ စနစ်တကျတပ်ဆင် ရောင်းချရေး၊ လက်ကို မကြာခဏ စနစ်တကျ ဆေးကြောရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)