မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုပုံသရုပ်ပြသ၍ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

မိုင်းဖြတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုရာတွင် စနစ်တကျအသုံးပြုနိုင်ရေးအတွက် သရုပ်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဒေါက်တာသိန်းဦးက ရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံအဖွဲ့ဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို စနစ်တကျ အသုံးပြုဝတ်ဆင်နိုင်ရေးနှင့် မဲရုံအလိုက်ထုတ်ပေးသည့် ကာကွယ်ရေးသုံးပစ္စည်းများကို တစ်ခုချင်းအလိုက် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြု ဒေါ်အေးမီနှင့်ဝန်ထမ်းများက လုပ်ငန်းသုံးပစ္စည်းများ စနစ်တကျအသုံးပြုဝတ်ဆင်နည်း၊ ချွတ်နည်းများကို လက်တွေ့သရုပ်ပြသခဲ့သည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် မြို့နယ်အတွင်းရှိ မဲရုံပေါင်း ၃၉ရုံ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို တာဝန်ကျမဲရုံမှူး၊ ဒုတိယမဲရုံးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သန်းထွန်းအေး(ပြန်/ဆက်)