ဘားအံ မတ် ၂၉
ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်သည့် အားလပ်ရက်များတွင် အချိန်ကို အကျိုးမဲ့ မကုန်ဆုံးစေဘဲ အသိပညာ၊ အတတ်ပညာများ ကြွယ်ဝစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးတွင် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက နွေရာသီအခြေခံ အင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းများ ဆင်းပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပန်းချီပညာရှင်များနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များအတွက် စိတ်ဓာတ်၊ ပညာအားကောင်းစေမည့်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့်၊ ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပေးနိုင်အောင် အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းများ ပြီးစီးသွားပါကလည်း သင်ကြားတတ်မြောက်ခဲ့သည်များကို အကျိုးဖြစ်ထွန်းစေရန်၊ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာစေရန် ဆက်လက်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က သင်တန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း၊ အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းထူးချွန်ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းမှ သင်တန်းသူများက နိုင်ငံခြားတေးသံရှင် lenka သီဆိုထားသော Trouble Is A Friend သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယနေ့ သင်တန်းဆင်းပွဲတွင် နွေရာသီ အခြေခံပန်းချီသင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ အခြေခံ အင်္ဂလိပ်စာသင်တန်း၌ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလ တစ်လကြာမြင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားများ ပြောကြားပြီး သင်တန်းဆင်း လက်ရာများနှင့် သုတ၊ရသစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပ လျက်ရှိရာ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဘောလုံးအသင်းနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် BGF ဘောလုံးအသင်းက (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)