အိမ်မဲ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ၊ မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် PPE ဝတ်စုံများ၊ Face Shield များ၊ လက်အိတ်များ၊ လက်သန့်ဆေးရေများ၊ နှာခေါင်းစည်း (Mask) များနှင့်မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ အစရှိသည့် ကျန်းမာရေးသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဆွေသက်နှင့် တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိရာ ရပ်/ကျေး (၁၀၂) အုပ်စုမှ လာရောက် ထုတ်ယူခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်ကျေးရွာ အုပ်စု(၁၀၂)အုပ်စု၌ မဲရုံပေါင်း(၁၆၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား(၇၂၈၆၃)ဦး၊မ (၇၈၄၈၂)ဦး၊ စုစုပေါင်း (၁၅၁၃၄၅)ဦးရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)