မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မော်လမြိုင်  နိုဝင်ဘာ      ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၄၉)ဦးနှင့်မ(၅၃)ဦး စုစုပေါင်း(၁၀၂)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။

ထိုသို့Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေး စခန်းမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊  အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျား တိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ COVID-19ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေး သွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုး မတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့ မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၁၅၆၀၉)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။  

စမ်းစမ်းနွယ်