ဒလမြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်

ရန်ကုန် နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို  ယနေ့ နံနက် ၁၁ နာရီက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ မှ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆန္ဒမဲလက်မှတ်များ ပါဝင်သည့်  ဆန္ဒမဲ စာအုပ်အရေအတွက် ပြည့်၊ မပြည့်၊ စုတ်ပြဲခြင်းရှိ၊ မရှိ၊ အစွန်းအထင်းများ မပါရှိစေရေးအတွက် စစ်ဆေးကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့်  အုပ်စု ၅ စု ခွဲ၍ ဆန္ဒမဲလက်မှတ်များကို စိစစ်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ အသီးသီးပေးအပ်ခဲ့သည်။ ထို့အတူ အထွေထွေရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာ မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို  ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ၌ မဲရုံပေါင်း ၁၈၂ ရုံ ဖွင့်လှစ်ထားမည်ဖြစ်ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နိုင်လင်းကျော်(ဒလ)