ဆင်ဖြူကျွန်း ဖေဖော်ဝါရီ ၂၅
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်ဖြူကျွန်းမြို့ မဟာပါဒင်္ကချောင်းထဲ စက်တော်ရာ(ခြေတော်ရာ) ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲတော်ကျင်းပရေးဂေါပကအဖွဲ့ထံမှသိရသည်။
ဆင်ဖြူကျွန်းမြို့ချောင်းထဲစက်တော်ရာဘုရားအား ကောဇာသက္ကရာဇ် ၁၁၇၈ ခုနှစ် ကုန်းဘောင်ခေတ် ဗဒုံမင်း(ဘိုးတော်ဘုရား)လက်ထက်တွင် ဘုန်းခေါင်ရှင်ဘုရားသည် ဆင်ဖြူကျွန်းမြို့ အနောက်ဘက် စလင်း ချောင်းအလယ်၌ ခြေတော်ရာနှစ်ဆူကို တည်ထား ကိုးကွယ်တော်မူခဲ့ပြီး ဆင်ဖြူကျွန်းမြို့အုပ်သူကြီး ဦးဖိုးဆောင်နှင့် နွယ်တမယ်ရွာသူကြီး ဦးဖိုးဟန်တို့မှကြီးမှူး၍ ဆင်ဖြူကျွန်းဒေသခံများက အလျားအတောင် ၇၀၊ အနံ ၁၄ တောင် ရှိသော အုတ်သင်္ဘောစေတီကြီးဖြင့် တည်ထားကိုးကွယ်ခဲ့ကြောင်းသိရသည်။
ကောဇာသက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် စလင်းချောင်းရေလွန်စွာကြီးသောကြောင့် အုတ်သင်္ဘော စေတီကြီးပျက်စီးသွားပြီး ဘုရားပေါ်နားခိုနေသောပန်းပဲဆရာ ဦးမြတ်ပွင့်သည် ခြေတော်ရာ နှစ်ဆူနှင့်အတူ ချောင်းရေမှတဆင့် ဧရာဝတီမြစ်အတွင်းမျောပါသွားရာ သံကိုင်း ကျေးရွာ မြစ်ဆိပ်သို့ အရောက်တွင် ရွာသားများကဆယ်ယူ၍ ဦးမြတ်ပွင့်ပါ သေကံမရောက် သက်မပျောက် ခြေတော်ရာနှစ်ဆူနှင့်အတူ ဆင်ဖြူကျွန်း မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။
ထိုနောက် ခြေတော်ရာနှစ်ဆူအား ရှင်ပင်ဆုတောင်းပြည့်စေတီ တန်ဆောင်း အရှေ့ဘက် ဓမ္မာရုံပေါ်တွင် ကိန်းဝပ်စံပါယ်တော်မူပြီး ဘုရားပွဲတော်ချိန်တွင် မူလချောင်းထဲ အုတ်သင်္ဘော စေတီတည်ရှိရာနေရာ၌ ယာယီ မဏ္ဍပ်ထိုး၍ ဘုရားပွဲတော်ကိုခေတ်အဆက်ဆက်ကျင်းပခဲ့သည်။ သက္ကရာဇ် ၁၉၇၉ ခုနှစ်တွင် ခြေတော်ရာ နှစ်ဆူမှာ မီးဘေးသင့်ခဲ့၍ အသစ်ပြန်လည် ထုဆစ် ကိုးကွယ်ခဲ့သော်လည်း မသာမာသူတို့၏ ခိုးယူခြင်း ခံခဲ့ရပြန်ပါသည်။ ၁၉၈၂ ခုနှစ်တွင် ဘုရားဂေါပကအဖွဲ့မှ ယခုမဟာပါဒင်္ကခြေတော်ရာနှစ်ဆူအား အသစ်ပြန်လည်တည်ထား ကိုးကွယ်တော်မူပြီး မဟာဝိသုတာရာမ စာသင်တိုက်ဆရာတော် ဉီးပညာဇောတ၏ ဩဝါဒ ခံယူလျက် မဟာပါဒင်္ကချောင်းထဲစက်တော်ရာဘုရားပွဲကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဘုရားပွဲတော်ကို ဩဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ မြို့နယ် အုပ်ချုပ် ရေးမှူး၏ ကြီးကြပ်နှင့်အတူ အများပြည်သူ စိတ်အေးချမ်းသာ ဘုရားဖူး လာရောက် နိုင်ရေးအတွက် ဂေါပက အဖွဲ့မှ ဘုရားပွဲအတွင်း ခြေတော်ရာနှစ်ဆူ ကိန်းဝပ်စံပါယ် တော်မူမည့် ယာယီမဏ္ဍပ်ထိုးခြင်း၊ ဈေးဆိုင်ခန်းများ၊ ဇတ်ပွဲခင်းနှင့် ကစားကွင်းများနေရာချထားခြင်း၊ ဘုရားပွဲတော်လုံခြုံရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက် ရှိသည်။
ခြေတော်ရာနှစ်ဆူအား တပေါင်းလဆန်း ၇ ရက်နေ့တွင် ဒေသတွင်း လှည့်လည် အပူဇော်ခံ မည်ဖြစ်ပြီး ညနေပိုင်းတွင် ဘုရားပွဲတော်ဖွင့်ပွဲကျင်းမည်ဖြစ်ကြောင်း၊ ပွဲတော်ကာလ အတွင်း ဘုရားအနေကဇာတင်ပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ပင့်သံဃာရှင် အပါး(၃၀၀)အား စာရေးတံမဲဆွမ်းသပိတ်လောင်းလှူပွဲနှင့် ဇာတ်သဘင်ကပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ(စလင်း)