တာချီလိတ် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၃၂)နှစ်မြောက်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိန်းအမှတ်(အကြို) အခမ်းအနားနှင့် ဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ဝန်ထမ်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်သပြီး ဦးစီးဌာန၏သမိုင်းကြောင်းနှင့် လမ်းညွန်အမှာစကားကို ပြောကြားခဲ့ရာတွင် ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော(က) တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး (ခ)နိုင်ငံတော်အစိုးရ၏မူဝါဒများ အကောင်အထည်ဖော်ရေး၊ (ဂ)ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေး၊ (ဃ)ပြည်သူ ဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည့် အပြင် စံတန်ဖိုး(၆)ရပ်၊လုပ်ငန်းစဉ်(၃)ရပ်တို့ကိုဦးတည်ဆောင်ရွက်လျှက်ရှိကြရာတွင် ဌာနတွင်း စည်းလုံးညီညွတ်စွာ အပြန်အလှန်ရိုင်းပင်းကူညီကြပြီး လုပ်ငန်းတာဝန်များအောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်းထမ်းများအား အခြေခံစားကုန်များဖြစ်သော ဆန်(၂၄)ပြည်၊ စားဆီ(၂)ကီလို၊ ဆားနှစ်ထုတ်၊ ကုလားပဲ(၂)ကီလို၊ ကြက်ဥ(၃၀)လုံးနှင့် အမျိုးသားဝန်ထမ်းများအတွက် ပုဆိုးတစ်ထည်၊ အမျိုးသမီး ဝန်ထမ်းများအတွက် ထဘီတစ်ထည်တို့ကို မြို့နယ်ရုံးမှ ဝန်ထမ်း(၂၈)ဦးနှင့် ခရိုင်ရုံးမှ(၄၀)ဦး စုစုပေါင်း(၆၈)ဦးတို့ကို ထောက်ပံပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)