ကွမ်းခြံကုန်း နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ကျန်းမာရေး စိတ်ချလုံခြုံစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သော နေရာများတွင် ယာယီ မဲရုံတည် ဆောက်နေမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့မနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သော မြို့မရပ်ကွက်တွင် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)အား အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ထားပြီး အမှတ်(၃)နှင့် အမှတ်(၄)မဲရုံများ အဖြစ် ယခင်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ရန် လျာထားသောလည်း ယခုအခါ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသောနေရာ ပြုလုပ်ထားသဖြင့် ယာယီမဲရုံအဖြစ် အောင်ဆန်း သူရိယ လှသောင်းအား ကစားကွင်းရှေ့တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီ မဲရုံ(၂)ရုံအား တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်နိုင်ထွန်းက ကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်တို့က မဲရုံတည်ဆောက်မှုနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်ခရိုင် ဒုတိယရဲမှူးကြီးအား အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းတွင် အမှတ်(၁)နှင့် အမှတ်(၂) မဲရုံအဖြစ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံပြသခဲ့သည်။ ကွမ်းခြံကုန်း မြို့နယ်တွင် ယာယီမဲရုံ(၁၉)ရုံ ရှိပြီး မြို့ပေါ်တွင်(၂)ရုံ၊ ကျေးရွာများတွင်(၁၇)ရုံ ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)