မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာရေးသားနည်းသင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ ဧပြီ ၁

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗဟုသုတ အသိပညာများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာရေးသားနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှော်(န်)ကိပ်ဆုန်က အင်္ဂလိပ်စာ သင်ကြားရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာ အခြေခံသင်ကြားမည့်ဆရာမကြီး ဒေါ်ဌေးဌေးက အင်္ဂလိပ်စာတက်မြောက်ရခြင်း၏ အကျိုးတရားများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနား တက်ရောက်လာသူများက မြို့နယ်ပြန်/ဆက်မှ ပြသထားသော သုတ/ရသစာပေများ၊ ကလေးအလုပ်သမား အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာရေးသားနည်းသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ  ၃၀ရက်နေ့အထိ အပတ်စဥ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ဧပြီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ပန်းချီဆရာကြီး ဦးခင်မောင်လတ်က သင်ကြားပို့ချပေးသွားမည်ဖြစ်၍ မည်သူမဆို အခမဲ့စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)