သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဧပြီ ၁

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်း၊ (Book Club) အဖွဲ့ဝင်များ၊ (Women Club) အဖွဲ့ဝင်များ၊ (Youth club) အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော "လူငယ်နှင့် အကောင်းဆုံး​သောဘဝကိုတည်ဆောက်ခြင်း " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာ​ဌေးက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ရည်ရွယ်ချက်များနှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဖတ်ရှုရာတွင် သုတ၊ ရသ မျိုးစုံပေးစွမ်းနိုင်သောစာပေများဖတ်ရှုရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်း​​ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ (Women club) အဖွဲ့ဝင်များ၊ (Youth club) အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့် အကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များကပေးစွမ်းသည့် စာပေရသများကို မိမိတို့၏အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာ တိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများနှင့် စာပေချစ်​​မြတ်နိုးသူများအသင်း၊ Book club၊ Youth club များနှင့် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိ​​ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)