မင်္ဂလာဒုံ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများဖြင့် ကုန်းဘောင်ခေတ်နေဝင်ချိန်၌ အင်္ဂလိပ်တို့ကို သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် အသက်ပေးခဲ့ကြသည့် မြန်မာ့အာဇာနည် သူရဲကောင်းများအကြောင်းကို နောက်ခံပြု၍ရေးဖွဲ့ထားသော စာရေးဆရာကြီးရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်အောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်က စာရေးဆရာကြီး ရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်မှဝံပုလွေကဲ့သို့ အကောက်ကြံ၊ စဉ်းလဲတတ်သူများ၊ သိုးငယ်ကဲ့သို့ အင်အားမရှိသူ၊ အကောက်တော်ဝန်ထောက်ကြီးကဲ့သို့ အမိန့်နှင့်သစ္စာကို မြေဝယ်မကျနာခံသူများ၊ ဦးမြတ်ထွန်း၊ ဦးရွှေပန်းတို့ကဲ့သို့ ဘဘောထားကြီးပြီး လိုအပ်သည့် နေရာတွင် လိုအပ်သလိုဖြည့်ဆည်းပေးနေသူများ၊ လက်ဝှေ့တော်ကြီးကဲ့သို့မိတ်ဆွေစစ်သူများ၊ ဆွေဆက်ကဲ့သို့နိုင်ငံနှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်သူများ၊ လူအမျိုးမျိုးတို့၏စိတ်အဖုံဖုံအား ထင်ရှားပေါ်လွင်အောင်ယှဥ်တွဲပြီး ဖော်ညွန်းရေးဖွဲ့ထားသည် များကို ဖတ်ကြားခဲ့ပြီးဝန်ထမ်းများက အပြန်အလှန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)