လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လိပ်သို           ဧပြီ              ၂      

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် ယနေ့နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆ များကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ဒေါက်တာကျော်စိန်  ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆက်လက်ပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်ကိုဦးက “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်မှ  လူငယ်ဘဝတွင် ကိုယ်ဟန် အမူအရာ၊ အပြောအဆို၊ အဝတ်အဆင်တို့နှင့် ပတ်သက်သော အလေ့အထကောင်းများကို စတင်ပျိုးထောင်ဖို့လိုကြောင်း၊ ထို့အတူ အချိန်၊ ငွေ၊ အလုပ်တို့နှင့် ပတ်သက်၍လည်း အလေ့အထကောင်းများကို ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အပေါ်ယံ သာယာမှု၊ ကျေနပ်မှု ပေးသယောင်ရှိသော်လည်း အနှစ်သာရအားဖြင့် ဘဝ၏ပျက်စီးကြောင်း လမ်းမပေါ်သို့ အရောက်ပို့နေသော အကျင့်ဆိုးများကို ဖျောက်ဖျက်စေလိုကြောင်း စသည့်အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတက်ရောက်လာသူ Book Club အဖွဲ့ဝင်များက  ဖတ်ကြား ဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်းအပြန်အလှန် မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။                  

ခင်လေးနွယ် (လိပ်သို)